သွေး

 

သွေး ကို လူတိုင်း ကြီးကြီးငယ်ငယ် မြင်ဖူးကြ၏။ ကျွန်ုပ်တို့၏ခန္ဓာကိုယ် အရေပြားကိုခြစ်မိသည့်အခါဖြစ်စေ၊ ဓားရှမိသည့်အခါဖြစ်စေ ယိုထွက်လာသော နီမြန်းသည့်ခပ်စေးစေး အရည်သည် သွေးပင်ဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် အစာအတွက်သွေးကိုအမှီပြုနေ ရ၏။ ပေါင်တစ်ရာ အလေးချိန်ရှိသော ကျန်းမာသောလူတစ်ယောက်တွင် သွေးခုနစ်ပေါင်ကျော်ခန့်ရှိ၏ သွေးထဲတွင်ရှိသော ကုဋေတစ်သိန်းကျော် အရည်အတွက်ရှိသော ဆဲလ်တို့သည် နေ့စဉ်ပျက်၍နေ့စဉ် ဖြစ်ပေါ်လျက် ရှိကြသည်။


လူ့ခန္ဓာကိုယ်တွင်ရှိသော အရည်များအားလုံးသည် သွေးကိုဖြတ်သန်းသွား၍လူတစ်ကိုယ်လုံးတွင်ရေသည် ဆယ်ပုံပုံ ကိုးပုံကျော်ကျော်ခန့်ရှိသည်။ သို့ပင်များသော်လည်း သွေးကား တစ်ကွတ်ဝင်ပုလင်းနှင့်ငါးပုလင်းမှ ခြောက်ပုလင်းအထိ မှန်မှန်ရှိအောင်ပြုပြင်ထိန်းသိမ်းသွားနိုင်သည်။ သွေးသည်ပလာစမာခေါ် အရည်ထဲတွင်ပေါလောမျှောနေသော အလွန်များပြားသည့် ဆဲများအဖြစ်ဖြင့်ရှိကြသည်။ သွေးတစ်ဝက်လောက်သည် ဆဲများဖြစ်ကြသည်။ သွေးတွင်ရှိသောဆဲများကိုစုစည်းလိုက်လျှင်အသည်းလောက်ကြီး သည်အစိုင်အခဲတစ်ခုဖြစ်လာနိုင်သည်။

ဤဆဲများသည် အလွန်သေးငယ်ရကား ဆဲပေါင်း ၆ဝဝဝဝလောက်ကို တွယ်အပ်ထိပ်တွင်တင် ထားနိုင်ဖွယ်ရာရှိသည်။ သွေးတစ်ကုဗမီလီမီတာတွင် သွေးနီဆဲများလေးသန်းမှ ခြောက်သန်းအထိ တွေ့နိုင်သည်။ ယောက်ျားများတွင်မိန်းမများမှာထက် သွေးနီဆဲများပိုရှိကြသည်။

ဤဆဲများတွင်သံဓာတ်နှင့် ပရိုတင်းဓာတ်ပါသော ဟီမိုဂလိုဗင်ခေါ်သည့်အရာများပါရှိလျက်ရှိသည်။ ဟီမိုဂလို လိုဗင်ပါရှိသောကြောင့် သွေး၏အရောင်သည်နီ၏။ ဆဲအနီများသည်အဆုတ်မှ အောက်ဆီဂျင်ဓာတ်ကိုယူ၍ တစ်ကိုယ်လုံးသို့ပျံ့နှံ့စေ၏။ ထိုနောက်တစ်ကိုယ်လုံးမှ မကောင်းသောကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုယူပြီးလျှင် အဆုတ်သို့ပြန်ပို့ပြန်သည်။ အောက်ဆီဂျင်ဓာတ် သယ်ယူသွားသောသွေးများ၏ အရောင်သည်တောက်ပသော အနီရောင်ရှိ၍ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် သယ်ယူသွားသောသွေး၏ အရောင်မှာခရမ်းရောင် သန်းလျက်ရှိသည်။


သွေးတစ်ကုဗမီလီမီတာတွင် သွေးဖြူဆဲများလည်း ငါးထောင်မှတစ်သောင်းထိရှိနေကြသည်။ ဤသွေးဖြူဆဲများသည်ခန္ဓာကိုယ်ကို ရောဂါပိုးကျရောက်ခြင်းမှ ကာကွယ်၏။ ယင်းတို့သည်ဗက်တီးရီးယားများကိုဝါးမျိုပြီးနောက် ပြည်တည်နာနှင့်အနာစိမ်းတို့တွင် တွေ့ရသောပြည်အဖြစ်သို့ ပြောင်းလည်းသွားလေသည်။ ခန္ဓာကိုယ်ထဲသို့ဗက်တီးရီးယားများဝင်ရောက်လာသည့်အခါတိုင်း သွေးဖြူ ဆဲလ်များ အမြောက်အမြားတိုးတက်လာကြသည်။


အဆုတ်ရောင်ရောဂါဖြစ်သည့်အခါသွေးဖြူဆဲများသည် တစ်ကုဗမီလီမီတာတွင် နှစ်သောင်းအထိ တိုးတက်လာနိုင်ကြသည်။ သွေးထဲတွင် ဤသွေးဖြူဆဲ များအပြင် သွေးဥမွှားများလည်းရှိသေးသည်။ သွေးတစ်ကုဗမီလီမီတာတိုင်းတွင်သွေးဥမွှားများနှစ်သိန်းငါးသောင်းမှ သုံးသိန်းအထိရှိသည်။ သွေးခဲသွားခြင်းများသည် ဤသွေးဥမွှားများကြောင့်ဖြစ်သည်။ သွေးတစ်ကုဗမီလီမီတာတွင် သွေးဥမွှားများနှစ်သိန်းငါးသောင်းထက်နည်းနေလျှင် သွေးသည် အလွယ်တကူနှင့်မခဲနိုင်ချေ။ သွေးတွင်ပါသောပလာစမာအရည်သည် ဤသွေးဆဲများနှင့်အခြားအရာများကိုပါသယ်ဆောင် ယူသွားသည်။ ပရိုတင်းများလည်း ပလာစမာတွင်ရှိကြသည်။ အယ်လဗျူမင်၊ ဂလိုဗျူလင်၊ နှင့်ဖိုင်ဗရင်နိုဂျင်များသည် အလွန်အရေးကြီးသော ရိုတင်းများဖြစ်ကြသည်။

ယင်းတို့အနက်ဖိုင် ဗရင်နိုဂျင်သည်သွေးကိုခဲစေနိုင်၏။ ရောဂါပိုးများကို ဖျက်ဆီးပစ်နိုင်သော ပတိပစ္စည်းများကို လည်းသွေးပလာစမာတွင်တွေ့ရသည်။ အူများမှစုဆောင်းထားသောအစာနှင့်ရေများ၊ ဂလင်းအိတ်များ မှထုတ်သော ဟော်မုန်းများကိုလည်း သွေးပလာစမာများက သယ်ဆောင်ယူသွားသည်။ ပလာစမာသည် ကိုယ်တွင်းမှစွန့်ပစ်သော အညစ်အကြေးကိုလည်း ကျောက်ကပ်များသို့ သယ်ဆောင်သွားပြီးလျှင် ထိုမှပြင်ပသို့ထုတ်လိုက်သည်။ ပလာစမာသည်အနည်းငယ်ငန်သည်။ 

 

သွေးလှည့်လည်ခြင်း

 

သွေးသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်သွားနေရမည်ဖြစ်သည်။ နှလုံးသည်ရေစုပ်စက်ကဲ့သို့ သွေးကိုလှည့်လည်စေသည်။ သွေးသည် သွေးလွှတ်ကြော၊ သွေးပြန်ကြောနှင့်သွေးကြောမျှင်များဖြင့်ခန္ဓာကိုယ်အတွင်း လှည့်လည်လျက်ရှိရာ နှလုံးသည် ထိုသွေးများကို အလွန်လျင်မြန်စွာသွားနေစေရကား ခန္ဓာကိုယ်အတွင်းရှိ သွေးအားလုံးသည် နှလုံးကိုနှစ်မိနစ်၊ သုံးမိနစ်တိုင်းဖြတ်သန်းသွားရ၏။ သွေးဆဲလ်တစ်ခုသည် နှလုံးကိုစက္ကန့်နှစ်ဆယ်တွင် လှည့်ပတ်သွားနိုင်သည်။ သို့ဖြင့်တစ်နာရီတစ်နာရီလျှင် စည်ခြောက်စည်စာလောက်နှင့် ညီမျှသော သွေးများသည် နှလုံးကိုဖြတ်သန်းလျက် ရှိနေလေသည်။

သွေးလှည့်ပတ်သွားရာ၌ သွေးကြောတစ်စုသည် သွေးကိုနှလုံးမှ အဆုတ်သို့ ယူသွားပြီးလျှင်တစ်ဖန် နှလုံးသို့ပြန်ယူလာ၏။ ယင်းသို့ယူသွားရာ၌သွေးတွင် အောက်ဆီဂျင်ပြည့်လာ၍ ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်သော အညစ်အကြေးများကို ထုတ်ပစ်လိုက်သည်။ အခြားသွေးကြော တစ်စုက နှလုံးမှ အောက်ဆီဂျင်အပြည့်ရလာသောသွေးကို ခန္ဓာကိုယ်အခြား အစိတ်အပိုင်းများသို့ယူသွားသည်။ အခြား သွေးကြောတစ်စုက သွေးကို အသည်းသို့ဖြတ်ယူသွားရာ အသည်းတွင်ဓာတ်ပြောင်းမှုများ ဖြစ်ပေါ်လေသည်။ သွေးမှ သကြားကိုထုတ်ယူပြီးလျှင် နောင်အသုံးပြုရန်အတွက် အသည်းတွင် သိုလှောင်ထား၏။ အညစ်အကြေးများသည် ဆီးအဖြစ်သို့ပြောင်းလည်းသွားပြီးလျှင်ကျောက်ကပ်မှ တစ်ဆင့်အပြင်သို့ ရောက်သွားလေသည်။


သွေးသည်လူ၏ခန္ဓာကိုယ်အပူချိန်ကို ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်အနေ၌ အမြဲရှိနေရန်ပြုလုပ်လျက်ရှိသည်။ ဤ ၉၈.၆ ဒီဂရီဖာရင်ဟိုက်ကား ကျန်းမာသော လူတစ်ယောက်၏ ကိုယ်အပူချိန်ပင်ဖြစ်သည်။ သွေးသည်ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းအတွက် အလွန်အရေးကြီးရကား တစ်နေရာရာမှသွေးကို တစ်နာရီလောက်ပိတ်ထားလိုက်လျှင် ထိုအစိတ်အပိုင်းသည်သေသွားနိုင်၏။ ဦးနှောက်မှသွေးအသွားကို ပိတ်ထားလိုက်လျှင်လူသည် ချက်ချင်းဆိုသလိုသတိမရဖြစ်သွားပြီးလျှင်မကြာမီ အတွင်းလူလည်း သေသွားလေသည်။ ခန္ဓာကိုယ်မှ သွေးများသုံးပုံတစ်ပုံ ကျော်ကျော်လောက်ရုတ်တရက် ထွက်သွားခဲ့လျှင်လည်း လူသေနိုင်လေသည်။


လူ၏သွေးများသည် တစ်ဦးနှင့်တစ်ဦးမတူကြချေ။ သွေးအစုကြီးလေးစုရှိကြောင်းကားလန်းစတိုင်းနားဆိုသူရှာဖွေ တွေ့ရှိခဲ့သည်။ သွေးတစ်ဦးနှင့်တစ်ဦးမတူကြခြင်းမှာ အချို့၏သွေးပလာစမာများ တွင်အခြားလူတစ်ဦး၏ သွေးနီဆဲများကို စုပေါင်းခဲသွားစေသော အရာများ ပါရှိခြင်းကြောင့်ဖြစ်သည်။ ဤသွေးမတူခြင်းမှာ သွေးကူးသည့်ကိစ္စများတွင် အလွန်ပင်အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော် အပြင်မှလူတစ်ယောက်၏သွေးသည် အသက်ရှင်လျက်ရှိသောလူ၏ သွေးနှင့်ရော၍ သွေးချင်းမတူသည့်အခါစုပေါင်းခဲသွားပြီးလျှင်သေစေနိုင်သည်။

အစုကြီးလေးစုကို O,A,B,Eနှင့်AB စုဟူ ၍ခေါ်သည်။ O အစုဝင် သွေးမျိုးကိုမည်သည့်အစုဝင်သွေးမျိုးရှိသောသူအားမဆို မခဲဘဲ သွေးကူးပေးနိုင်သည်။ သို့သော် O အစုဝင် သွေးမျိုးရှိသောလူတစ်ယောက်ကို O အစုဝင်သွေးမျိုးမှတစ်ပါး အခြား မည်သည့်အစုဝင်သွေးမျိုးကိုမှ သွေးကူးမပေးနိုင်ချေ။ AB အစုဝင်သွေးမျိုးကို အခြားသွေးလေးစု မျိုးရှိသောလူအား သွေးကူးပေးလိုက်လျှင် သွေးခဲမှု ဖြစ်နိုင်သည်။[၁]



သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။

သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့ ခုနစ်ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

သွေးဟာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို သယ်ဆောင်ပေးပါတယ်။

သွေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အညစ်အကြေးဓာတ်များကို စွန့်ထုတ်ဖျက်ဆီးစေဖို့အတွက် အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို သယ်ဆောင်ပေးသွားပြန်တယ်။

သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့ ကူညီပေးသေးတယ်။

အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက သွေးအမျိုးအစားအုပ်စုကြီး လေးခုရှိပါတယ်။

သွေးအမျိုးအစားတိုင်းမှာ မျောက်သွေးလို့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း ရှိပြန်သေးတယ်။

သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုး ပေါင်းစပ်ပါဝင်နေတယ်။

သွေးဖြူဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့ တာဝန်ယူပေးထားပါတယ်။ သွေးဖြူဥတွေရဲ့ သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ်လောက်ပဲ သက်တမ်းရှိပါတယ်။ သွေးစက်လေးတစ်စက်မှာ သွေးဖြူဥဆဲလ်ပေါင်း ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိ ရှိတတ်ပါတယ်။ ကိုယ်ထဲကို ဝင်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင် သွေးဖြူဥဆဲလ် အရေအတွက် ဒီထက်မက များပြားလာတတ်ပါတယ်။

သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို အဓိက သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေကို အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။

သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။ သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်းအထိဟာ သွေးဥမွှားလေးတွေပါ။ သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးပါတယ်။

သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့ အဝါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။ သွေးရည်ကြည်ထဲမှာ ရေဓာတ်၊ ဆားဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။ သွေးရည်ကြည်ရဲ့ ၉၅ ရာခိုင်နှုန်းက ရေတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓာတ်တွေ၊ ဆားဓာတ်နဲ့ ပရိုတင်းဓာတ်တွေပေါ့။

သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။

သွေးနီဥကို သာမန်အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။

အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့ အထက် သိမ်းထားလို့ရပါတယ်။

သွေးဥမွှားကတော့ ၅ ရက်အတွင်း အသုံးပြုရပါတယ်။

သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ သွေးသွင်းကုသမှုမှာ အသုံးပြုပါတယ်။

သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊ ဟိုမုန်းဓာတ်တွေ၊ အင်ဇိုင်းတွေကိုလည်း သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။

အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ ထားလို့ရပါတယ်။

လူရဲ့သွေးထဲမှာ ပါဝင်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်တွေကို ရိုးတွင်းခြင်ဆီကနေ သဘာ၀အလျှောက် ထုတ်လုပ်ပေးတာပါ။ 

 

 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)

အာဟာရဓာတ်များ

ယနေ့ခေတ်လူများသည် ရှေးခေတ်လူများ စားသောက်ခဲ့ကြရသည့် အစားအစာမျိုးကိုသာ ဆက်လက် စားသောက်နေကြရလျှင် အမှန်မုချ အော့အန်ကြမည် ဖြစ်၏။ ရှေးခေတ်လူများသည် ရှေးခေတ် အလျောက် မည်သည့်ပစ္စည်းကိုမျှ တီထွင်ဆန်းသစ်နိုင်ကြခြင်းမရှိသေးသောကြောင့် ရသမျှ အသီးအနှံများ၊ သစ်ဥသစ်ဖု၊ သစ်မြစ်များနှင့် သားငယ် ငါးငယ် များကို အစိမ်းလိုက် စားခဲ့ကြရလေသည်။ ထိုလူများသည် သားငါး တိရစ္ဆာန်များကိုရလျှင် ပျော်ရွှင်စွာ စားသောက်ကြပြီး ကံမကောင်းအကြောင်းမလှသောကြောင့် မရကြလျှင်လည်း အငတ်ခံကာ နေခဲ့ကြရသည်။

ရှေးခေတ်လူများ သာမက ယနေ့​ခေတ် လူများပင်လျှင် အစာ၏ အာဟာရဓာတ်ကို လူတိုင်းစေ့ အပြည့်အဝ မရကြချေ။ မော်တော်ကားတွင် ဓာတ်ဆီသည် အလွန်အရေးကြီးသကဲ့သို့ လူတို့၏ အစားအစာ၌လည်း အာဟာရဓာတ်သည် အလွန် အရေးကြီး၏။ ဓာတ်ဆီသာမရှိလျှင် မည်မျှပင်ကောင်း သည့် မော်တော်ကားပင် ဖြစ်လင့်ကစား သွားနိုင်မည် မဟုတ် သကဲ့သို့ အာဟာရဓာတ် မရှိသည့်အစာကို စားသောက်ရသည့် လူတစ်ဦး သည်လည်း အလုပ်တစ်ခုကို လုပ်နိုင်ကိုင်နိုင် ကြံစည်နိုင်မည်မဟုတ်တော့ချေ။

အစားအစာများတွင် လိုအပ် သည့် အာဟာရဓာတ်များ နည်းပါးခဲ့လျှင် ခန္ဓာကိုယ် အစိတ် အပိုင်း များတွင်လည်း အာဟာရဓာတ် ခေါင်းပါးမည် ဖြစ်သဖြင့် လုပ်ရမည့် အလုပ်များကို လုပ်ကိုင်နိုင်ကြတော့မည်မဟုတ်ချေ။ လက်ရုံးရည်နှင့် နှလုံးရည်ကို ကောင်းစွာ စွမ်းဆောင်နိုင်ရေး အတွက်သော်လည်းကောင်း၊ ခန္ဓာကိုယ်ကြီးပြင်း၍ အလေးချိန်တိုးလာ စေရန်အတွက်သော်လည်းကောင်း၊ ပျက်စီးယိုယွင်းလျက်ရှိ သော ကိုယ်ကို ပြန်လည် ဖြည့်တင်းပေးရန်အတွက်သော်လည်း ကောင်း၊ ကျန်းမာမှု ရရှိရေးအတွက်သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မျှတလုံလောက်သော အစား အစာကို များစွာ လိုအပ်လှပေသည်။

အစားအစာကို လိုသည် ထက် ပို၍စားလျှင်သော်လည်းကောင်း၊ နည်း၍စားလျှင်သော် လည်းကောင်း မမျှတသဖြင့် ရောဂါဖြစ်ပွားတတ်သည်။ မကြာ သေးမီကမှ အစားအစာနှင့် စပ်လျဉ်းသော အကြောင်းအရာ များကို ဘာသာရပ်တစ်ခုအနေနှင့် သင်ကြားလိုက်စားလာခဲ့ကြ လေသည်။ ထိုဘာသာရပ်သည် ခန္ဓာဗေဒပညာရပ်များတွင် အလွန်အရေးပါအရာရောက်သည်။ ယခုအခါ ထိုအစားအစာ ဘာသာရပ်ကို အာဟာရဓာတ်ပညာဟူ၍ ခေါ်တွင်လေသည်။ ထိုအာဟာရဓာတ်ပညာ တိုးတက်အောင်မြင်ရေးအတွက် သိပ္ပံပညာရှင်များသည် တစ်ဦးတည်း တစ်ဖွဲ့တည်း မဟုတ်ပဲ အစိုးရများနှင့် ပူးပေါင်းကြပြီးလျှင် မည်သည့်အစား အစာ များတွင် မည်သည့် အာဟာရဓာတ် ပါ၍ မည်သို့ အကျိုးရှိ ကြောင်းကို စုံစမ်းစစ်ဆေးခဲ့ကြသည်။


စစ်ပြီးခေတ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ကြီးမှူးသော အာဟာရဓာတ် စုံစမ်းရေးအဖွဲ့သည် ရန်ကုန်မြို့သို့ပင် လာရောက် စုံစမ်းစစ်ဆေးခဲ့သည်။ ထိုအဖွဲ့တွင် နိုင်ငံ အသီးအသီးမှ ကိုယ်စားလှယ်များ ပါဝင်ကြ၍ မဆုတ်မနစ်သော လုံ့လဖြင် လိုအပ်သည့် ကိစ္စအဝဝတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ထိုအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ အစားအစာ မြောက်မြားစွာ ထွက်မှုအတွက် ဂရုမပြုမူ၍ ထွက်သည့်အစားအစာများတွင် လိုအပ်သည့် အာဟာရဓာတ်များ ပြည့်စုံမှု မပြည့်စုံမှုကိုသာလျှင် စုံစမ်းစစ်ဆေးရန် ဖြစ်လေသည်။


အစားအစာများကို စားသုံးရာတွင် စားသုံသူများ၏ အသက်အရွယ်၊ ရာသီဥတု၊ အလုပ်အကိုင်တို့ကို လိုက်၍ ချင့်ချိန် စား သောက်ကြမှသာလျှင် အာဟာရဓာတ် ဖြစ်ပြီး ကျန်းမာသန်စွမ်းကြပေမည်။ အာဟာရဓာတ်နည်းပါး၍ မမျှတသော အစားအစာများကိုသာ မှီဝဲ သုံးဆောင်သောသူများသည် ရောဂါ ဝေဒနာ ဖိစီးနှိပ်စက်ခြင်း ခံရကြောင်း ထိုဆေးပညာရပ်ဖြင့် စုံစမ်းသိရှိခဲ့ကြသည်။ အာဟာရဓာတ် ပြည့်စုံသည်၊ မပြည့်စုံသည်ကို စုံစမ်းကြသည့် ပုဂ္ဂိုလ်ကြီးများမှာ သိပ္ပံပညာရှင်ကြီးများနှင့် ပါမောက္ခ ကြီးများဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်ကြီးများ စုံစမ်းရှာဖွေချက်အရ လူ၏ခန္ဓာကိုယ်သည် ပရိုတင်းဓာတ် တစ်ခုတည်းကိုသာလျှင် လိုအပ်သည်မဟုတ်၊ သကြားဓာတ်၊ ကစီဓာတ်၊ ထုံးဓာတ်၊ သံဓာတ်၊ ဖောစဖောရပ် ဓာတ်၊ ကလိုရင်းဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဆာလဖာဓာတ်နှင့် အခြားသတ္တုဓာတ်များလည်း လိုအပ်ပေသည်။

ထို့ပြင် စားသောက်သည့် အစားအစာများတွင် ဗီတာမင်များလည်း ပါဝင်ရမည်ဖြစ်၏။ လူများ စားသောက်လျက်ရှိသည့် အချို့သော အစာများသည် အပူနှင့် စွမ်းအင်ကို ဖြစ်စေ၏။ အချို့သည် သွေးသားများကို ဖြစ်စေပြီးလျှင် အချို့သည် အခြားလိုအပ်သည့်ပစ္စည်းများကို ဖြစ်စေသည်။ ထိုကြောင့် အာဟာရဓာတ်ပါသောအစာများကို စားသောက်သူများသည် ကျန်းမာသန်စွမ်းစွာဖြင့် အလုပ်အကိုင် အကြံ အစည်များကို ပြီးမြောက်သည်တိုင်အောင် လုပ်ကိုင် ဆောင်ရွက်သွားနိုင်ကြသည်။


ဓာတုဗေဒပညာရှင်များသည် မိမိ တို့၏နည်းဖြင့် စုံစမ်းရှာဖွေခဲ့ကြရာ ခန္ဓာကိုယ်အစိတ်အပိုင်း များတွင် အာဟာရဓာတ် မည်မျှလိုကြောင်းကို ပြောနိုင်ကြ သည်။ ထိုအာဟာရဓာတ်ကို လုံလောက်အောင် မပေးနိုင်လျှင် မည်သို့သောရောဂါ စွဲကပ်နိုင်ကြောင်းကိုလည်း ပြောနိုင်ကြသည်။ သိပ္ပံပညာရှင်ကြီးများသည် အစားအစာများတွင် ပါဝင် သည့် အာဟာရဓာတ်များကို ငါးမျိုး ပိုင်းထားကြသည်။ ထို ငါးမျိုးမှာ


(၁) အဆီဓာတ်၊


(၂) ပရိုတင်းဓာတ်၊


(၃) ကာဗို ဟိုက်ဒရိတ်ဓာတ်၊


(၄) သတ္တုဓာတ်၊


(၅) ဗီတာမင်ဓာတ်တို့ ဖြစ်ကြသည်။


အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ် ဓာတ်တို့သည် စွမ်းအင်နှင့် အပူဓာတ်ကို ဖြစ်စေသည်။ ပရိုတင်းနှင့် သတ္တု ဓာတ်များသည် ကိုယ်လက်အင်္ဂါ ကြီးထွားစေသည့်ပြင် ကိုယ် ခန္ဓာ၌ ဖြစ်သော အာဟာရချို့ယွင်းချက်များကိုလည်း ဖြည့်စွက် ပြုပြင် ပေးကြလေသည်။ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ် တို့သည် ခန္ဓာ ကိုယ်တွင်း၌ ဓာတ်ပြောင်းလဲမှုများ မှန်မှန်ဖြစ်နိုင်အောင် အကူ အညီ ပေးကြသည်။ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်တို့ အကူ အညီ ပေးကြသကဲ့သို့ ရေကလည်း အကူအညီပေးသေးသည်။

ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပို၍ လှုပ်ရှားလေလေ အပူဓာတ်ကို ပို၍ လိုလေလေ ဖြစ်၏။ အရွယ်နှင့် အချိုးကျ အစာကို စားရာတွင် ကလေးသည် လူကြီးထက် ပို၍စားနိုင် သည်။ အလုပ်ကို ပိုလုပ်သော လူကြီး တစ်ဦးသည် လှုပ်ရှားမှု နည်းသည့် အခြားလူကြီး တစ်ဦးထက်ပို၍ အစာကို စားနိုင် သည်။ ထို့ပြင် ခန္ဓာကိုယ် ထွားကြိုင်းသူသည် မိမိခန္ဓာကိုယ် လှုပ်ရှားစေရာတွင် စွမ်းအင်ကို ပို၍ အသုံးပြုသောကြောင့် ခန္ဓာကိုယ် ငယ်သူထက် ပို၍စားသည်။


ရာသီဥတု အေးသော တိုင်းပြည်များတွင် နေထိုင်သည့် လူများသည် အပူဓာတ်ကို အထူးလိုအပ်သောကြောင့် အပူ ဓာတ်ကို ဖြစ်စေသည့်အစာများကို ပို၍စားကြရသည်။ အပူကို ဖြစ်စေသည့် အစားအစာများမှာ အဆီပင် ဖြစ်သည်။ ထိုကြောင့် အေးသည့်တိုင်းပြည်များတွင် နေထိုင်သူများသည် ပူသည့် တိုင်း ပြည်များ၌ နေထိုင်သူ များထက် အဆီကိုပို၍ စားသုံးပေးကြ ရသည်။ အနောက်နိုင်ငံများတွင် အလေးချိန်များကို ပေါင်ဖြင့် တိုင်းတာလေ့ရှိကြသကဲ့သို့ အပူကိုလည်း ကယ်လိုရီဖြင့် တိုင်းတာလေ့ရှိကြသည်။ ကယ်လိုရီဆိုသည်မှာ တစ်ဂရမ် အလေးချိန်ရှိသည့် ရေကို တစ်ဒီဂရီစင်တီဂရိတ် အပူချိန် မြှင့်တင်ပေးနိုင်သော အပူအတိုင်းအဆပင် ဖြစ်သည်။


ရှစ်နှစ်ရွယ်မျှရှိသည့် ကလေးတယောက်သည် တစ်နေ့လျှင် အပူကယ်လိုရီ ၁၅ဝဝမျှလို၍ ကျောင်းသားရွယ် ကလေး တယောက်သည် တစ်နေ့လျှင် အပူ ကယ်လိုရီ ၄ဝဝဝ မျှ လိုပြီးလျှင် လူကြီးတယောက်မှာကား တစ်နေ့လျှင် အပူ ကယ်လိုရီ ၃၅ဝဝ လောက်သာ လိုမည်ဟု မှန်းဆထားသည်။ လူများ စားသောက်ကြသည့် အစားအစားများမှ အပူ အမျိုးမျိုးကို ရနိုင်သည်။ ဆီနှင့်ဝက်ဆီများသည် မီးလောင် လွယ်ကြောင်းကို လူတိုင်းပင် သိကြ၏။ ထိုကဲ့သို့ လောင်ကျွမ်း ရာတွင် အလွန်ပူသည့် မီးတောက်ကို ဖြစ်စေသည်။ ထိုနည်း အတူ လူများ စားသောက်လိုက်ကြသည့် ထောပတ်နှင့် ဆီများ သည်လည်း လူ၏ ကိုယ်အတွင်းသို့ ရောက်သွားသောအခါတွင် အပူကယ်လိုရီ မြောက်မြားစွာကို ဖြစ်စေသည်။ အစားအစာ များတွင် အဆီများသည် အပူကို အများဆုံး ဖြစ်စေသည့် အစာများပင် ဖြစ်သည်။ ဆီကို အသားနှင့် ဟင်းသီး ဟင်းရွက် များမှ ရနိုင်သည်။ ထောပတ်၊ မလိုင်၊ ဝက်ဆီများသည် အသားများမှရသည့် အဆီများ ဖြစ်ကြ၍ သံလွင်ဆီနှင့် ကိုကိုး ထောပတ်များသည် ဟင်းသီးဟင်းရွက်များမှရသည့် အဆီများ ဖြစ်ကြသည်။


လူများသည် အဆီများကို အပူနှင့် စွမ်းအင်အတွက် လက်ငင်းလိုသည်ထက်ပို၍ စားလိုက်သောအခါ ပိုသည့် အဆီ များသည် ကိုယ်တွင်း၌ အဆီအဖြစ်ဖြင့် အရေပြား အောက်တွင် သိုလှောင်၍ ရှိကြသည်။ အစားအစာများ မစားသောက်ကြ ရသည့်အခါများတွင် ထိုအဆီများ သိုလှောင် ရှိနေခြင်းကြောင့် အသက်ရှင်၍ နေနိုင်ကြသည်။ ရှေးခေတ်လူများသည် အစား အစာများကို အချိန်မှန်မှန် မစားခဲ့ကြရချေ။ အစားအစာ ပေါများသည့်အခါ ဖောဖောစားကြရ၍ ရှာဖွေမရသည့်အခါ အငတ်ခံနေခဲ့ကြရလေသည်။ မည်သို့ပင် အကြိမ်ကြိမ် အစာ ငတ်နေရငြားလည်း မသေပဲ အသက်ရှင်လျက် ရှိနေ နိုင်ခြင်း အကြောင်းမှာ ဖောဖော စားရသည့်အခါ ကိုယ်တွင်း၌ စုဆောင်း သိုမှီးထားသော အဆီများကြောင့် ဖြစ်သည်။ ကာဗိုဟိုက်ဒရိတ်များ ဖြစ်ကြသည့် သကြားနှင့် ကစီများ သည်လည်း အပူကို ဖြစ်စေသော အစာများ ဖြစ်ကြသည်။ ကြွက်သားများ လှုပ်ရှားမှုအတွက် သကြားသည် အဆီထက်ပို၍ အပူဓာတ်ပေးနိုင်သည်။

သို့ရာတွင် ကာဗိုဟိုက်ဒရိတ် တစ်ပေါင် လျှင် အပူကယ်လိုရီပေါင်း ၁၈၂ဝ မျှသာ ပါဝင်၍ အဆီတစ် ပေါင်လျှင် အပူကယ်လီရီပေါင်း ၄ဝ၈ဝ မျှ ပါဝင်လေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ကာဗိုဟိုက်ဒရိတ်များတွင် ပါရှိသည့် အပူဓာတ်သည် အဆီတွင် ပါရှိသည့် အပူဓာတ် တစ်ဝက် အောက်ပင် နည်းသေးသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် သကြားနှင့် ကစီတို့ကို လက်ခံနိုင်သလောက် အဆီကို လက်မခံနိုင်ကြောင်း သတိမူအပ်ပေသည်။ ကာဗိုဟိုက်ဒရိတ် များတွင် ပေါင်မုန့်၊ အာလူး၊ အသီးအနှံနှင့် ဟင်းရွက်ဟင်းသီး များ ပါဝင်သည်။


ပရိုတင်းဓာတ်များဖြစ်သော ဥနှင့် အဆီနည်းပါးသည့် အသားတို့သည် ခန္ဓာကိုယ်တွင် အပူဓာတ်များကို ပေးပြီးလျှင် အထူးသဖြင့် ခန္ဓာကိုယ်၏ တစ်ရှူးများကို ချို့ယွင်းနေက ပြုပြင်ပေး၍ အားနည်းနေက ဖြည့်တင်းပေးသည်။ ခန္ဓာကိုယ် ကြီးထွား သန်မာလာစေရန် ပရိုတင်းဓာတ်ပါသော အစာများကို အစဉ် စားပေးနိုင်ရန် လိုလေသည်။ ကြွက်သားများ ကြီးထွား စေလိုလျှင် ပရိုတင်းဓာတ်ပါသည့် အစားများကို စာပေးရပေ မည်။ ဤသို့ မစားလျှင် ကြွက်သားများ ကြီးထွားလာနိုင်မည် မဟုတ်ချေ။ ကြီးထွားပြန်လျှင်လည်း သန်မာမည် မဟုတ်ချေ။ ပရိုတင်းဓာတ်များကို အသားများနှင့် ဟင်းရွက်ဟင်းသီးများမှ ရနိုင်သော်လည်း အာဟာရဓာတ် ပါဝင်ရာ၌ အတိုင်းအဆ အားဖြင့် တစ်မျိုးနှင့်တစ်မျိုး မတူကြချေ။ အသားများတွင် ပရိုတင်းဓာတ် ရာခိုင်နှုန်း အများဆုံး ပါဝင်၏။ နွားနို့၊ ဥ၊ ငါး၊ ခရု၊ ကမာနှင့် ကျောက်ပုဇွန်ထုပ် ကဲ့သို့သော အခွံရှိသည့် ရေသတ္တဝါများ၊ ဒိန်ခဲ၊ ခွံမာသီး၊ ပဲတောင့်၊ စားတော်ပဲနှင့် ကောက်နှံများတွင်လည်း ပရိုတင်းဓာတ် အမြောက်အမြား ပါဝင်သည်။


လူများ နေ့စဉ် မှီဝဲစားသောက်လျက်ရှိသော အစာများတွင် သတ္တုဓာတ် အမြောက်အမြား ပါဝင်လျက်ရှိ သောကြောင့် ခန္ဓာ ကိုယ်တွင် လိုနေသည့် သတ္တုဓာတ်များကို စားသည့် အစားများ ရနိုင်လေသည်။ သို့ရာတွင် အရေးကြီးသည့် သတ္တုဓာတ်နှစ်မျိုး သည် အစာတိုင်း၌ မပါတတ်သဖြင့် ထိုသတ္တုဓာတ်မျိုးပါစေရန် ဂရုပြုသင့်ပေသည်။ ထိုနှစ်မျိုးအနက် တစ်မျိုးမှာ ကယ်လဆီ ယမ်ခေါ် ထုံးဓာတ်ဖြစ်၍ ထိုဓာတ်လိုသလောက်မရလျှင် အရိုး များ သေးသိမ် ချည့်နဲပြီးလျှင် အချိုးအစားပင်မကျ ဖြစ်တတ် ချေသည်။ သွားများလည်းမကောင်း ဖြစ်တတ်သည့်ပြင် သွေး အားလည်း နည်းတတ်သည်။


ထိုကယ်လဆီယမ်ဓာတ်ကို နို့မှ အကောင်းဆုံး ရရှိနိုင်သည်။ ကလေးတစ်ယောက်သည် တစ်နေ့ လျှင် ၅ဝ ဝင် တစ်ပုလင်းမျှသာ နို့ကို စားသုံးပေးရန် လိုအပ် ၏။ လူကြီးများသည် အခြားသောအစာများ၏ အာဟာရဓာတ် ကို ကြည့်၍ တစ်နေ့လျှင် နို့အစိတ်သားခန့်အထိ လိုမည်ဖြစ် သည်။ အခြားသော အစာများထက် ဥ၏ အနှစ်နှင့် ဒိန်ခဲများတွင် ကယ်လဆီယမ်ဓာတ်ပို၍ ပါဝင်သည်။ အချို့သော ဟင်းရွက် ဟင်းသီးများတွင် ကယ်လဆီယမ်ဓာတ် အနည်းငယ်ပါ၍ အသားများတွင် ကယ်လဆီယမ်ဓာတ် နည်းလှ၏။ ထိုကြောင့် မာသောအရိုးများနှင့် ခိုင်သော သွားများ ရရှိနိုင်စေရန် နို့ပါ သော အစားအစာ များကို စားအပ်လှပေသည်။

သောက်လျက် ရှိကြသည့် အစာများတွင် ရေပါဝင်ပြီးဖြစ်သော်လည်း တစ်နေ့လျှင် ခြောက်ခွက်မျှသောရေကို သောက်ရန်လိုကြသေးသည်။ သို့မှသာလျှင် ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် လိုအပ်သည့် ကိစ္စများကို ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ အမှန်မှာ လူတစ်ယောက်၏ အလေးချိန် သုံးပုံနှစ်ပုံသည် ရေသာလျှင် ဖြစ်၏။ အသက်ရှူရှိုက်ရာ၌ ရေပါဝင်သည်။ ချွေးသည် ရေပင်ဖြစ်သည်။ ကျင်ကြီး ကျင်ငယ်တွင်လည်း ရေပါဝင်သည်။ မျှတလုံလောက်သော အစာများကိုသာလျှင် အချိုးကျမှန်မှန် ငယ်ရွယ်စဉ်မှ ကြီးသည့်တိုင်အောင် စားသောက်သွားနိုင်မည်ဆိုလျှင် လူသည် ကျန်းမာသန်စွမ်းနိုင်မည် ဖြစ်ပြီးလျှင် အကြံသစ် ဉာဏ်သစ်များကိုလည်း တီထွင်နိုင်မည် ဖြစ်လေသည်။ ယခုအခါတွင် ကူးသန်းရောင်းဝယ်ရေး ကောင်းမွန်လျက်ရှိပြီဖြစ်သဖြင့် လိုအပ်သည့် အာဟာရဓာတ်များကို လွယ်ကူစွာနှင့်ပင် ရနိုင်ကြပေပြီ။


ကာဗိုဟိုက်ဒရိတ်များ ပါဝင်သော ပရိုတင်းဓာတ် အစာများမှာ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ ကြက်သား၊ ဥများ၊ ဆာမန်ငါးများ၊ ဟဲရင်းငါးများ ဖြစ်ကြသည်။ ကာဗိုဟိုက်ဒရိတ်များဖြစ်သည့် ပရိုးတင်ဓာတ်ပါသော အစာများမှာ နို့၊ ဒိန်ခဲ၊ စားတော်ပဲ၊ ပဲတောင့်များ ဖြစ်ကြသည်။ ကာဗိုဟိုက်ဒရိတ်ပါသည့် အစာများမှာ ပေါင်မုံ့ (အညိုက အဖြူထက်ပို၍ကောင်းသည်။) ဆန်(ထမင်း)၊ ယို၊ သကြား၊ အာလူး၊ စွန်ပလွံသီး၊ စပျစ်သီးခြောက်၊ ငှက်ပျောသီးများ ဖြစ်ကြသည်။ အဆီပါသော အစာများမှာ ထောပတ်၊ မလိုင်၊ ဒိန်ခဲ၊ ဝက် ဆီ၊ ဝက်သားများ ဖြစ်ကြသည်။ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်များပါသော အစာများမှာ စားတော်ပဲ၊ ပဲတောင့်၊ ဂေါ်ဖီထုပ်၊ မုန်လာဥဝါမျိုး၊ မှိုများ၊ လိမ်မော်သီး၊ သစ်တော်သီး၊ ငှက်ပျောသီး(ထောပတ်)၊ ဆီးသီး၊ ခရမ်းချဉ်သီးများ ဖြစ်ကြသည်။


မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)

ခန္ဓာဗေဒ

  ခန္ဓာဗေဒ (Anatomy) ဆိုသည်မှာ ဇီဝဗေဒ ပညာရပ်အကိုင်းခွဲတစ်ခုဖြစ်ပြီး သက်ရှိအရာများတွင်ရှိသောဖွဲ့စည်းပုံကိုလေ့လာခြင်းဖြစ်သည်။ ခန္ဓာဗေဒ ဟုမြ...